နောက်ခံသမိုင်းကြောင်း
အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ထင်ရှားသော ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်ပါ သည်။ ကျွန်းမျောများ၊ ခြေထောက်ဖြင့်လှေလှော်ခြင်း၊ ငါးဖမ်းခြင်း၊ သာယာလှပသော သဘာဝ ပတ်ဝန်းကျင်ရှုခင်းများအပြင် အင်းသားတို့၏ ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သော ကြာရက်ကန်း လုပ်ငန်းသည်လည်း ခရီးသွားများကို ထူးခြားသော အတွေ့အကြုံကို ပေးမည်ဖြစ်ပါသည်။ ရှေးနှစ်ပေါင်းများစွာကပင် အင်းသားများသည် ကြီးမားသော ရေချိုကန်ကြီးအတွင်းမှ လှပသော ကြာပန်းများကိုအမှီပြု၍ အသက်မွေးခဲ့ကြသည်။ ကာလရွေ့လျောလာချိန်၌ ဖာဖယ် (ယနေ့ အခေါ် ပန်းဖယ်) ရွာ၌ ကျွမ်းကျင်သော လက်မှုပညာရှင်တို့ သည် ၎င်းတို့၏ ရက်ကန်းစင်တွင် ထိုင်၍ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံးနှင့် လက်ရာအကောင်းဆုံး ကြာရက်ကန်းထည် များကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။ ကြာရက်ကန်း ရက်လုပ် ခြင်းအစသည် ဆယ်စုနှစ်တစ်စု မတိုင်ခင်က ပေါင်စောဦးအမည်ရသော လက်မှုပညာရှင်က အင်းလေးကန်အတွင်း ပွင့်နေသော ကြာပန်းများမှ ကြာရိုးတွင် ကြာမျှင်များ ထုတ်ယူနိုင်ကြောင်း သတိပြုမိခဲ့သည်။ သူမအနေဖြင့် ကြာရိုးကိုဖြတ်၍ နှစ်ခြမ်းခွဲကာ အထဲမှကြာမျှင်များကို ညင်သာစွာ ထုတ်ယူနိုင်ခဲ့သည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင်တို့သည် ကြာပန်းကို ဖြူစင်မြင့်မြတ်သော ပန်းအဖြစ် မှတ်ယူကြ သဖြင့် သူမအနေဖြင့် ကြာသင်္ကန်းကို ရက်လုပ်၍ သူမသွားလေ့ရှိသော ကျောင်းသင်္ကန်းမှ ဘုန်းတော်ကြီးကို ကြာသင်္ကန်းရက်လုပ်လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။ ရှေးလူကြီးများ ပြောကြား ချက်အရ သူမအနေဖြင့် ကြာသင်္ကန်းကပ်လှူနိုင်ရန် တစ်နှစ်တာပတ်လုံး ကြာမျှင်ထုတ်ခြင်း၊ ရက်လုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။
မြန်မာတို့၏ အမှတ်သင်္ကေတ ချည်ထည်လုပ်ငန်းတစ်ခုအဖြစ် ရှမ်းပြည်နယ်၊ အင်းလေး ကန် ကြာရက်ကန်းမှ ထုတ်ကုန်များကို တွေ့မြင်နိုင်ပါသည်။ ကြာပိုးသည် အခြားချည်မျှင်များ နှင့်မတူ စွယ်စုံသုံး၍ရသည်။ အေးမြသောရာသီတွင် နွေးထွေးစေပြီး၊ ပူအိုက်သောရာသီတွင် အေးမြစေသည်။ ကျုံ့သွားခြင်း၊ ပွသွားခြင်းမရှိချေ။ အင်းလေးမှ အမျိုးသမီးများသည် ကြာမျှင် ဖြင့် ပုဝါနှင့်အထည်များ ရက်လုပ်ဝတ်ဆင်ခဲ့ကြပြီး ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ကို လက်ဆင့် ကမ်း အမွေပေးခဲ့ကြသည်။ ရလဒ်အနေဖြင့် လက်ဖြင့်ရက်လုပ်သော ကြာရက်ကန်းအထည်များ သည် နူးညံ့ချောမွေ့လှသည်။ ကြာရက်ကန်း ရက်လုပ်ခြင်းသည် အနုစိတ်၍ အချိန်ယူရသည်။ ပုဝါတစ်ထည်ရရှိရန် တစ်နေကုန်ဆောင်ရွက်ရသည်။ လက်ရာကောင်းမွန်သော အထည်များ သည် အရောင်အသွေးနှင့်အဆင်ပေါ်မူတည်၍ ဈေးနှုန်းမြင့်မားစွာ ရရှိကြသည်။ ကြာပိုးသည် တန်ဖိုးမဖြတ်နိုင်သော မြန်မာ့ရိုးရာသင်္ကေတ တစ်ခုသာမက အင်းသားတို့၏ ရိုးရာတန်ဖိုးလည်း ဖြစ်သည်။ ကြာရက်ကန်းရက်လုပ်သူများသည် ကြာရက်ကန်းထည်များဝတ်ဆင်ပါက အညံ့များ ပြေပျောက်၍ ကံကောင်းခြင်းများရရှိလာစေသည်ဟု ယုံကြည်ကြသည်။