နောက်ခံသမိုင်းကြောင်း
ကုသိုလ်တော်ဘုရားဟုအမည်တွင်သောမဟာလောကမာရဇိန်ဘုရားသည် မန္တလေးမြို့ရှိ မန္တလေးတောင်ခြေတွင် တည်ရှိပြီး ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်းမှ ပြန်လည်တည်ထားခဲ့သည်။ ကုသိုလ်တော်ဘုရား၏ မြင်ကွင်းကျယ်အား မန္တလေးတောင် ပေါ်မှနေ၍ ကြည့်ရှုနိုင်သည်။ ဘုရား၏ ပရဝဏ်အတွင်း၌ ဘုရားစေတီများအတွင်းကျောက်စာအချပ်ပေါင်း ၇၂၉ကိုထည့်သွင်း တည်ထားသည့်အတွက် ၂၀၁၃ ခုနှစ်တွင် UNESCO မှ ကမ္ဘာအမွေအနှစ် နေရာအဖြစ်သတ်မှတ် ပြီး ကမ္ဘာ့အကြီးဆုံး စာအုပ်အဖြစ် ကျော်ကြားပါသည်။ ဘုရားစေတီကျောက်စာ တစ်ချပ်စီတွင် အမြင့် ၁၅၃ စင်တီမီတာ အကျယ် ၁၀၇ စင်တင်မီတာရှိပြီး ကျောက်စာ၏မျက်နှာစာ နှစ်ဖက်စလုံးတွင် သုတ်၊ ဝိနည်းနှင့် အဘိဓမ္မာ ဟူသော ပိဋကတ်သုံးပုံပါဠိတော်များ ရေးထွင်း ထားပါသည်။ ဘုရား၏ပရဝဏ်အတွင်း ကျယ်ဝန်းပြန့်ပြူးသော အဖြူရောင် လျှောက်လမ်းများ နှင့်အတူ ထုံးဖြူရောင်ဘုရားစေတီ ကျောက်စာများကို စီတန်းလျက်တည်ထားပါသည်။ သင့်အနေနှင့် မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ပြီး ကျောက်စာများ တစ်ခုနှင့်တစ်ခုကြား လမ်းလျှောက်သည့် အတွေ့အကြုံကိုလည်း ခံစားနိုင်ပါသည်။ ကုသိုလ်တော်ဘုရားသည် ဘုရား၏ပရဝဏ်အတွင်း စေတီပုထိုးများစွာရှိသော စန္ဒာမုနိဘုရားနှင့် ဆင်တူသည်။ ကုသိုလ်တော်ဘုရားအနီးတွင် မန္တလေးမြနန်းစံကျော် ရွှေနန်းတော်၊ မန္တလေးတောင်၊ အတုမရှိ ဘုန်းကြီးကျောင်း၊ စန္ဒာမုနိဘုရား၊ ရွှေနန်းတော်ဘုန်းကြီးကျောင်းတို့ တည်ရှိသည့်အတွက် တစ်ချိန်တည်း ဘုရားစေတီပေါင်း မြောက်များစွာကို ဖူးမြော်နိုင်သည်။ ကုသိုလ်တော်ဘုရား သည် နေ့စဉ် နံနက် ၈နာရီမှ ညနေ ၈နာရီထိဖွင့်သည်။ မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ရာသီဥတုသုံးမျိုး ရှိသည့်အနက် ဆောင်းရာသီဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလထိ ကာလအတွင်းသည် လည်ပတ်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ အကြီးဆုံးစာအုပ်ဖြစ်သော ကုသိုလ်တော်ဘုရားသို့ သွားရောက်ကာ စင်္ကြံတစ်လျောက် လှည့်လည် လေ့လာသင့်ပါသည်။