Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရပ်ရွာအခြေပြုလည်ပတ်ခြင်း – Tourism Myanmar
Skip to content

ရပ်ရွာအခြေပြုလည်ပတ်ခြင်း

တမူထူးခြားသောလမ်းကြောင်းဖြင့်ခရီးသွားလာခြင်းကိုသဘောကျသော ခရီးသွားများ အနေ ဖြင့် ဒေသယဉ်ကျေးမှုနှင့် ဒေသခံတို့၏ ဘဝနေထိုင်မှုစရိုက်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို  လေ့လာနိုင်ရန် ရပ်ရွာအခြေပြုလည်ပတ်နိုင်ရန်ဖိတ်ခေါ်ပါသည်။ ရပ်ရွာခရီးသွားဒေသသို့ ခရီးသွား ခြင်းဖြင့် ဒေသခံတို့၏ဘဝကို မြင်တွေ့နိုင်ရုံသာမကနိုင်ငံရှိသာမန်ပြည်သူများ၏ ဘဝကိုမြှင့်တင်ရေး လုပ်ငန်းများတွင်တက်ကြွစွာပါဝင်နိုင်သည့်အခွင့်အလမ်းများရရှိနိုင်ပါသည်။ ရပ်ရွာအခြေပြု လည် ပတ်ခြင်း အစီအစဉ်သည် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ပညာရေးဆိုင်ရာအခွင့်အလမ်းများနှင့်ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစသည့် အဓိက အချက်လေးချက်ပေါ်တွင်အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ ကျေးရွာများသို့လည်ပတ်ခြင်း၊ ဒေသခံအိမ်များတွင်တည်းခိုနေထိုင်ခြင်းနှင့်ဒေသထွက် စားကောင်း သောက်ဖွယ်အချို့ကို အာပါးတရစားသောက်ခြင်းဖြင့် သဘာဝကိုထိတွေ့ခံစားရသည့်  အတွေ့အကြုံ ကောင်းများကို ရရှိခံစားနိုင်ပါသည်။

ကချင်ပြည်နယ်

အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော(ကျေးရွာ ၄ ရွာ)

အာရှ၏အကြီးမားဆုံး ကုန်းတွင်းရေကန်ဖြစ်သော အင်းတော်ကြီးကန်သည် ရပ်ရွာအခြေပြု လည်ပတ်ခြင်း အစီအစဉ်တွင်ပါဝင်ပါသည်။ဤ ရပ်ရွာအခြေပြုလည်ပတ်ခြင်းတွင် ကျေးရွာ(၄)ရွာသို့ သွားရောက်လည်ပတ်၍မြန်မာနိုင်ငံမြောက်ပိုင်း ကျေးလက်ဒေသ၏ စစ်မှန်သောခံစားမှုကိုရရှိပါလိမ့် မည်။ အင်းတော်ကြီးတောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောသို့သွားရောက်လည်ပတ်ပြီး အမျိုးမျိုးသော တောတွင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များကို လေ့လာနိုင်ပါသည်။ ၎င်းဘေးမဲ့တောသည် မြန်မာ နိုင်ငံ၏ ပထမဆုံးသဘာဝအခြေခံခရီးသွားလုပ်ငန်းဒေသအဖြစ်(၂၀၁၃)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း လူကြိုက်များ ထင်ရှားခဲ့ပါသည်။ လုံးတုံး၊ ဟိုင်းပု၊နတ်မီးလောင် ဟီးနှင့်ညောင်ပင်နက်ကျေးရွာများသို့ သွားရောက်လည်ပတ်၍ ဒေသခံများနှင့်ပြောဆို ဆက်ဆံနိုင် ပါသည်။ကယက်လှေစီးခြင်း၊ မော်တော်ဘုတ်စီးခြင်း၊ ခြေကျင်တောင်တက်ခြင်းနှင့် ငှက်ကြည့်ခြင်း စသည့် ဒေသတွင်း လှုပ်ရှားမှုများကို ပျော်မွေ့နိုင်သကဲ့သို့ ရှေးဟောင်းဘုရားစေတီများနှင့် ထိုဒေသ၏ တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများကိုလည်း လေ့လာနိုင်ပါသည်။ Package Tours များကို အဖွဲ့အစည်းများနှင့်ခရီးသွားကုမ္ပဏီများက စီစဉ်လေ့ရှိပါသည်။

မန္တလေးတိုင်း

ဆီသည်ကျေးရွာနှင့်မြစ်ကမ်းကြီးကျေးရွာများ၊စဉ့်ကူးမြို့နယ်

အကယ်၍ သင်၏ခရီးစဉ်သည် မန္တလေးတိုင်းသို့သွားရောက်လည်ပတ်ခြင်း ဖြစ်ပါက ထူးခြားသောအတွေ့အကြုံရရှိစေရန်ဆီသည်ကျေးရွာနှင့်မြစ်ကမ်းကြီးကျေးရွာများသို့ သွားရောက် လည်ပတ်ရန်အကြံပြုလိုပါသည်။စိတ်ဝင်စားဖွယ်ကောင်းသောဗိဿုကာလက်ရာများ၊ဒေသခံများ၊ကျေးလက်တိရိစ္ဆာန်များ၊ဒေသတွင်းလှုပ်ရှားမှုများ၊မြေအိုးလုပ်ငန်း၊ဆေးပေါ့လိပ်လုပ်ငန်းနှင့်ရိုးရာနည်းဖြင့်မြေပဲဆီကြိတ်ခြင်းလုပ်ငန်းများ စသည့် ရိုးရာဓလေ့အစစ်အမှန်ဖြစ်သော ကျေးရွာသူ/ကျေးရွာသားများ၏ နေထိုင်မှုပုံစံများအား လေ့လာကြည့်ရှုနိုင်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဒေသခံ ငါးဖမ်းသမား များနှင့်အတူ  မြန်မာ့ရိုးရာနည်းလမ်းအတိုင်း ပိုက်ကွန်များဖြင့် ငါးဖမ်းသည့် လုပ်ငန်းများတွင် ပါဝင် နိုင်ပါသေးသည်။

မင်းကွန်းနှင့်ကျောက်မြောင်းမြို့နယ်၊မန္တလေးတိုင်းဒေသကြီး(ကျေးရွာ ၆ ရွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမင်းကွန်းနှင့်ကျောက်မြောင်းမြို့အကြားရှိ ဧရာဝတီမြစ်နှင့် ထိစပ်နေသောအင်းဒေါင်း၊ရွာသစ်၊မြေစမ်း၊စိန်ပန်းကုန်း၊အေးကျွန်းနှင့်ဆင်ကျွန်းစသည့် ရပ်ရွာအခြေ ပြုခရီးသွားလုပ်ငန်းကျေးရွာ(၆)ရွာအနက်မည်သည့်ကျေးရွာမဆိုသွားရောက်လည်ပတ်ပျော်ရွှင်စေလိုပါသည်။ ခရီးသွားဧည့်သည်များ အနေဖြင့်လည်း ငါးဖမ်းသမားများနှင့် ဧရာဝတီလင်းပိုင်များ၏ အပြန်အလှန် အကျိုးပြုမှုဖြစ်စဉ်များနှင့် ငါးဖမ်းခရီးစဉ်တွင်ပါဝင်ပြီးကျေးရွာသူ/​ကျေးရွာသား များနှင့်ငါးဖမ်း သမား များ၏ လူနေမှုဘဝအကြောင်းကိုလည်း လေ့လာ နိုင်မည် ဖြစ်ပါသည်။

ကယားပြည်နယ်

လွိုင်ကော်မြို့၊ကယားပြည်နယ်(ကျေးရွာ ၄ ရွာ)

မြန်မာနိုင်ငံ၏ အရှေ့ဘက်ပိုင်းရှိကျေးရွာ(၄)ရွာဖြစ်သောပန်ပက်၊ တနှီးလာလဲ၊ ဒေါ်တမကြီးနှင့် ထေခိုကျေးရွာများကို သွားရောက်လည်ပတ်နိုင်သည့် ကျေးရွာအခြေပြုခရီးစဉ်ဒေသအဖြစ် သတ်မှတ် ခဲ့ပါသည်။ ကယားပြည်နယ်သည် မတူကွဲပြားသော ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများရှိသည့် ကွဲပြား ထင်ရှားသောလူမျိုးစုများတွင် တမူထူးခြားသည့် သွင်ပြင်လက္ခဏာများဖြင့် ပြည့်နှက်လျက်ရှိပါ သည်။ တိုင်းရင်းသားများနှင့်အကျွမ်းတဝင်နေခြင်းအားဖြင့် ထိုမျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှုများကို အံ့သြ စရာကောင်းလောက်အောင် နားလည်သိရှိလာပါလိမ့်မည်။ ကယန်းလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ၊ နေထိုင်စားသောက်မှု၊ လက်မှုပညာ၊ ငွေပန်းတိမ်လုပ်ငန်း၊ ကျေးလက်ဒေသသီချင်း များနှင့်ရိုးရာအကများ၊ခြေလျင်တောင်တက်ခြင်း၊ကယားဝက်အူချောင်းပြုလုပ်ခြင်း၊ရိုးရာအစားအစာများစားခြင်း၊ နွားလှည်းစီးခြင်းနှင့် ယက်ကန်းရက်လုပ်ခြင်း စသည်တို့ကို  လေ့လာကြည့်ရှု ခံစားနိုင်ပြီး ထိုကဲ့သို့ထူးခြားသော ခရီးစဉ်၏ အမှတ်တရအနေဖြင့် ဒေသထွက်လက်ဆောင် ပစ္စည်းများကို ဝယ်ယူ ရန် မမေ့ဖို့ သတိပေးလိုပါသည်။

ရှမ်းပြည်နယ်

ကရင်ပြည်နယ်

သံတောင်ကြီး၊ကရင်ပြည်နယ်

မြန်မာနိုင်ငံတောင်ပိုင်းသို့ ခရီးသွားမည်ဆိုပါက ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသရှိ ရပ်ရွာအခြေပြုလည်ပတ်ခြင်းအစီအစဉ် ထည့်သွင်းစဉ်းစားသင့်ပါသည်။ ဒေသခံရွာသူ၊ ရွာသားများ သည် ဧည့်လမ်း ညွှန်ပေးခြင်း၊ချက်ပြုတ်နည်းသင်တန်းများ နှင့်နံနက်စာနှင့် အိပ်ရာခင်း (Bed and Breakfasts) ဝန်ဆောင်မှုပေးကြသည်။ခြေလျင်တောက်တက်ခရီးစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ပြီး ကျေးရွာ၏ သမိုင်းနောက်ကြောင်းများကိုလည်း လေ့လာနိုင်ပါသည်။ထိုဒေသတွင် ဗြိတိသျှ တောင်ကုန်းဘူတာရုံ၊လက်ဖက်စိုက်ခင်းနှင့်စက်ရုံ၊ရေတံခွန်နှင့်ရေပူစမ်းများစသည့်အထင်ကရနေရာများစွာရှိပါသည်။ သစ်တောများသို့ သွားရောက်လည်ပတ်လိုသော ခရီးသွားဧည့်သည်များသည် နယ်ခံများကို ဧည့်လမ်းညွှန်အဖြစ်ခေါ်ဆောင်လည်ပတ်နိုင်ပါသည်။ ရပ်ရွာရှိပွဲတော်များတွင်လည်း ခရီးသွားများသည် နယ်ခံများနှင့်အတူပါဝင်ဆင်နွဲဖို့ အထူးအကြံ ပြုလိုပါသည်။

မကွေးတိုင်းဒေသကြီး

မြိုင်မြို့နယ်၊မကွေးတိုင်းဒေသကြီး(ကျေးရွာ ၄ ရွာ)

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ အရှေ့ကန်ကြီးတော၊ အနောက်ကန်ကြီးတော၊အင်း ယောင်းနှင့် ဆူလီပန်းကျေးရွာစသည့်ကျေးရွာ (၄) ရွာကို ရပ်ရွာခရီးသွားဒေသအဖြစ် သတ်မှတ် ခဲ့ပါသည်။ပထမရက်တွင်ကျေးရွာနှစ်ရွာကိုစက်ဘီးဖြင့်လည်ပတ်ပြီးဒုတိယနေ့တွင်ကျန်ကျေးရွာလည်ပတ်ပြီးအနီးတဝိုက်ရှိ နှစ်ပေါင်း(၁၇၀)ခန့်ကြာမြင့်ပြီဖြစ်သော ဘုန်းကြီးကျောင်းသို့ သွားရောက် လည်ပတ်လေ့လာခြင်းများ ပြုလုပ်နိုင်ပါမည်။ ကျေးရွာသူ/ကျေးရွာသားများ၏ အဓိက အသက် မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော ရက်ကန်းလုပ်ငန်းနှင့်မရွေးမုန့် လုပ်ငန်းစသည့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို လေ့လာနိုင်မည်ဖြစ်သည်။

မကျီးကန်ကျေးရွာ၊ချောက်မြို့နယ်၊မကွေးတိုင်းဒေသကြီး

ထူးခြားဆန်းသစ်သော ခရီးသွားအတွေ့အကြုံရရှိစေရန် မကွေးတိုင်းဒေသကြီးရှိ မကျီးကန် ကျေးရွာသို့သွားရောက်လည်ပတ်စေလိုပါသည်။ဒေသခံများအတွက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဖန်တီးပေးပြီး ခရီးသွားဧည့်သည်များအား ဒေသခံများ၏ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုများကို ထင်ရှားစွာပြသနိုင်သောနေရာ တစ်ခုပင်ဖြစ်ပါသည်။ အနီးအနားရှိ ကျေးရွာတစ်လျှောက် လမ်း လျှောက်ခြင်း၊မန်ကျည်းကန်ရွာရှိဒေသခံများ၏ ရိုးရာယဉ်ကျေးမှုများ လေ့လာခြင်း၊ ဒေသခံများ၏ ရိုးရာလှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်သည့် အခွင့်အရေးတစ်ရပ်ရရှိပါလိမ့်မည်။ မုန့်ပြားသလပ်ကဲ့ သို့သောဒေသ အစားအစာများအပါအဝင် အရသာရှိသော ရိုးရာအစား အစာများကိုလည်း မြည်းစမ်း နိုင်ပြီးကျေးရွာတစ်လျှောက် ရိုးရာနွားလှည်းများ စီးနိုင်သည့်အပြင် စလေမန်ကျည်း ဖျော်ရည်ပြုလုပ် သော နေရာသို့လည်း သွားရောက်လေ့လာလည်ပတ်နိုင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး

မကျီးကန်ကျေးရွာ၊ချောက်မြို့နယ်၊မကွေးတိုင်းဒေသကြီး

ကျိုက်သလဲကျေးရွာသို့ တစ်ခါတစ်ခေါက်အလည်အပတ်လာရောက်၍ ဒေသခံပြည်သူများနှင့် ရက်အနည်းငယ် အတူတကွ နေထိုင်နိုင်ပါသည်။ ကြိမ်ခြင်းပြုလုပ်ပုံအဆင့်ဆင့်နှင့် စက်ချုပ်လုပ်ငန်း များကိုလည်း လေ့လာကြည့်ရှုနိုင်ပါသည်။ ထို့အပြင် ၎င်းကျေးရွာ၌ လုပ်ကိုင်လျက်ရှိသော  စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းများနှင့် သဘာဝဓာတ်မြေသြဇာထုတ်လုပ်သည့် နေရာများကိုပါ သွားရောက် လေ့လာနိုင်ပါသည်။ ကျိုက်သလဲကျေးရွာ ၊ တွံတေးမြို့နယ်

ချင်းပြည်နယ်

ဆော်လောင်းကျေးရွာ၊ ကန်ပတ်လက်မြို့နယ်

ချင်းပြည်နယ်၊ ဆောင်လောင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းအတွက် အစီအစဉ်များဆောင်ရွက်ထားရှိပါသည်။ ပျော်ရွှင်စရာကောင်းပြီး မမေ့နိုင်သော အတွေ့အကြုံများ ရရှိနိုင်ရေးအာမခံပါသည်။ ချင်းကျေးလက်များတွင် နေထိုင်သည့်ကျေးရွာသူ/ကျေးရွာသား (ဒေသခံ များ)နှင့်တွေ့ဆုံပြီးတစ်ညတာတည်းခိုရင်း ကန်ပတ်လက်လက်မြို့နယ် ကောလောင်းရေတံခွန်၏ သဘာဝအလှအပများကို မြည်းစမ်းရင်း ခေါ်နူးစုပ်တောင်သို့ တက်ရောက်ခြင်းများအပါအဝင် ချင်းလူမျိုးများ၏ အလေ့အထများ၊ ရိုးရာဓလေ့ထုံးစံများကို လေ့လာနိုင်ပါသည်။

တစွန်းကျေးရွာ၊ ဖလမ်းမြို့နယ်

ဖလမ်းမြို့နယ်ရှိ ရပ်ရွာလူထုအခြေပြုခရီးစဉ်ဒေသ(CBT)တစ်ခုဖြစ်သော ချင်းအမျိုးသား ခေါင်းဆောင် ဗိုလ်ကြွမ်ဘိ(ဗိုလ်ဆွန်ပတ်) မွေးဖွားရာဒေသဖြစ်သည့် တစွန်းကျေးရွာကို သွားရောက် လည်ပတ်နိုင်ပါသည်။ ၎င်းရွာသည် ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်အကြား ဆက်သွယ်ရေး အချက်အချာဒေသတစ်ခုဖြစ်ခဲ့သည့်အပြင် ရွာ၏သမိုင်းဝင်ရှေး‌‌ ဟောင်းအမွေအနှစ် များကြောင့် ခရီးသွားများအကြား ရေပန်းစားလျက်ရှိသည့် ခရီးသွားအပန်းဖြေ နေရာတစ်ခုဖြစ်ပါ သည်။ ခရီးသွားများသည် ချင်းရိုးရာအိမ်များ၏ ဗိဿုကာလက်ရာများနှင့် တစွန်းရွာ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ထို့အပြင် ဗိုလ်ကြွမ်ဘိပြတိုက်နှင့် သင်္ချိုင်းဂူများ၊ ‌ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ၊ ချင်းလူမျိုးတို့၏ အသုံးအဆောင်များ၊ ဗြိတိသျှစစ်တပ်၏ စခန်းအဆောက် အဦဟောင်းများ၊ ချင်းပြည်နယ်၏ ပထမဆုံးဘောလုံးကွင်းနှင့် ခံတပ်ဟောင်း၊ မဏိပူရမြစ်ကမ်း၊ တံတားငယ်၊ တစွန်းရိုးရာအကအလှများနှင့် မီးပုံပွဲအခမ်းအနားများမှာ အထူးပြုဖော်ညွှန်းလိုသည့် အရာများဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

နွယ်ငြိမ်းကျေးရွာ၊ ရွှေဘိုမြို့နယ်

စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုမြို့နယ်သို့ ရောက်ရှိခဲ့ပါက ရပ်ရွာလူထုအခြေပြု(CBT)ခရီးစဉ် ဒေသများဖြစ်သော နွယ်ငြိမ်းရွာ၊ ရွှေခွန်းရွာ၊ ရွှေတိုက်ရွာ၊ မီလာရွာ၊ မက်ဟောက်ရွာတို့ကို သွားရောက် လေ့လာသင့်ပါသည်။ ထိုဒေသရှိ ဒေသခံများ၏ လယ်ယာစိုက်ပျိုး‌ရေးလုပ်ငန်းများ၊ ကြွေထည်နှင့် မြေအိုးထည်လုပ်ငန်းများ အကြောင်းကို လေ့လာနိုင်မည့်အပြင် ဧရာဝတီ လင်းပိုင်များ ကိုကြည့်ရင်း နွယ်ငြိမ်းကျေးရွာ၏ သဘာဝအလှတရားများကိုပါ ခံစားနိုင်မည် ဖြစ်ပါသည်။  ရွှေသမင် များကျက်စားရာ ရှိန်းမကား သဘာဝဘေးမဲ့တော ၊ UNESCO အသိအမှတ်ပြုဟန်လင်းမြို့ဟောင်းနှင့် အခြားနေရာများသို့ပါ ဆက်လက်သွားရောက်လေ့လာနိုင်ပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စမ်းလှမ်းကျေးရွာ၊ ထားဝယ်မြို့နယ်

မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသသို့ရောက်ရှိခဲ့မည်ဆိုလျှင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ခရီးသွားဧည့်သည် (၂၀) ဦး တည်းခိုနိုင်ရန်အတွက် တည်းခိုဆောင် (၃) လုံး ဆောက်လုပ်ထားရှိသော စမ်းလှမ်းကျေးရွာသို့သွားရောက်ပြီးရေငုပ်ခြင်း၊ကမ်းခြေအလှများကြည့်ရှုခြင်းနှင့် စမ်းလှမ်းကမ်းခြေရှိ ငါးလုပ်သားများ၏ ရိုးရာငါးဖမ်းနည်းများကိုပါ လေ့လာမှတ်တမ်းတင်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED