ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာများ
လူသားမျိုးနွယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာနေရာများအား ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး အနာဂတ်မျိုးဆက်များအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်နေရာ (၂) နေရာရှိပြီး ပုဂံမြို့ ကို (၂၀၁၉) ခုနှစ်တွင်လည်းကောင်း ၊ ပျူမြို့ဟောင်းကို ၂၀၁၄ခုနှစ်တွင် လည်းကောင်း ကမ္ဘာ့အမွေအနှစ်များအဖြစ် အသီးသီးသတ်မှတ်ခဲ့ပါသည်။
ပုဂံ
တည်နေရာ
ပုဂံမြို့သည်မြန်မာနိုင်ငံ၏အလယ်ပိုင်း မန္တလေးမြို့၏ အနောက်ဘက် ၂၉၀ကီလိုမီတာနှင့် ရန်ကုန်မြို့၏ မြောက်ဘက် ၇၀၀ကီလိုမီတာတွင်တည်ရှိပါသည်။
သွားရောက်နိုင်သည့်နည်းလမ်းများ
ပုဂံမြို့သည် မြန်မာနိုင်ငံရှိအခြားဒေသများမှ ကားလမ်း၊ လေကြောင်းလမ်းများဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပါသည်။ မန္တလေးမှသမိုင်းဝင်အမွေအနှစ်များရှိသော ပုဂံသို့ ဧရာဝတီမြစ်ကမ်းတစ်လျောက် သင်္ဘောဖြင့်ခရီးသွားရောက်လည်ပတ်နိုင်ပါသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမြို့သည် (၉)ရာစုမှ (၁၃)ရာစုအတွင်းတည်ထားခဲ့သော ဘုရားပုထိုးပေါင်း (၂၀၀၀)ခန့်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ ရှေးခေတ်ပုဂံအင်ပါယာ၏ မြို့တော် ဖြစ်ခဲ့သောပုဂံမြို့တွင် ဘုရားပုထိုးပေါင်း (၁၀၀၀၀) ခန့် တည်ထားခဲ့ပြီး သမိုင်းတစ်လျှောက် ငလျင်ဒဏ်များနှင့် အခြားသဘာဝ ဘေးဒဏ်များကို ကြုံတွေ့ခဲ့ရကာ ခက်ခဲသောအချိန်များကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသောကြောင့် ယနေ့ခေတ်တွင် သမိုင်းဝင်ဘုရားပုထိုးစေတီပေါင်း (၂၀၀၀) ခန့် သာကျန်ရှိပါသည်။
ပျူမြို့များ
တည်နေရာ
ပျူမြို့ဟောင်း (၃) မြို့ဖြစ်သည့် ဟန်လင်းမြို့၊ ဗိဿနိုးမြို့နှင့် သရေခေတ္တရာမြို့များသည် မြန်မာနိုင်ငံ တောင်ဘက်၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်တည်ရှိပါသည်။
သွားရောက်နိုင်သည့် နည်းလမ်းများ
ပျူမြို့များသည် အခြားမြို့များနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် အငှားကား၊ ဘတ်စ်ကားများဖြင့် လွယ်ကူစွာသွားရောက်၍ မြို့၏အလှအပများကို ကြည့်ရှုခံစား နိုင်ပါသည်။ ဟန်လင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိပြီး၊ ဗိဿနိုးမြို့သည် မကွေး တိုင်းဒေသကြီးနှင့်သရေခေတ္တရာမြို့သည် ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ရှိပါသည်။ ပျူခေတ် ရှေးဟောင်းမြို့များ၏ သမိုင်းကြောင်းများကို သိရှိနိုင်မည့် အဓိကခရီးစဉ်လည်း ဖြစ်ပါသည်။
ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံရသော ဟန်လင်းမြို့၊ ဗိဿနိုးမြို့ နှင့် သရေခေတ္တရာမြို့များသည် ဘီစီ ၂၀၀ မှ အေဒီ ၉၀၀ အထိ ထွန်းကားခဲ့သော ပျူနိုင်ငံတော်၏ ရှေးဟာင်းယဉ်ကျေးမှုမြို့များဖြစ်ပါသည်။ ရှေးအခါက တိဗက်-ဗမာ ပျူလူမျိုး များသည် တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြရာ ဧရာဝတီမြစ်ကမ်းနားသို့ ရောက်ရှိခဲ့ပါသည်။ ကျေးရွာများမှတစ်ဆင့်ခံတပ်များနှင့်ဗဟိုနန်းတော်များရှိသော မြို့များအထိ ဖွံ့ဖြိုးကျယ်ပြန့်လာခဲ့ပြီး မကြာမီ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားလာခဲ့ပါသည်။ ယနေ့အချိန် တွင် ပျူမြို့များ၌ နန်းတော် အဆောက်အဦများ၊ နံရံအပိုင်းအစများကိုကြည့်ရှုခြင်းဖြင့် ပျူလူမျိုး များ နေထိုင်ခဲ့သည့် အထောက်အထား များကို လေ့လာမှတ်သားနိုင်ပါသည်။
ယူနက်စကို ဇီဝနယ်မြေ
လူနှင့် ဇီဝမျိုးကွဲများအကြား ဆက်နွယ်မှုကို တိုးတက်စေရန်နှင့် ၎င်းဇီဝမျိုးကွဲများကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အခြေခံသိပ္ပံနည်းကျ လူနှင့်ဇီဝနယ်ပယ် အစီအစဉ်ကို ယူနက်စကိုမှ ကနဦးအနေဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ထိုအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကမ္ဘာအနှံ့အပြားရှိနေရာများကို ဇီဝနယ်မြေအဖြစ် ယူနက်စကိုမှ သတ်မှတ်ခဲ့ပါသည်။ လက်ရှိတွင် ယူနက်စကို၏ ကမ္ဘာ့ဇီဝနယ်မြေအဖွဲ့အစည်းမှ မြန်မာနိုင်ငံ၏ သဘာဝနယ်မြေနှစ်ခုဖြစ်သည့် အင်းလေးကန်ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ အင်းတော်ကြီး အိုင်ကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း ဇီဝနယ်မြေအဖြစ် ထည့်သွင်းသတ်မှတ်ထားပါသည်။
အင်းလေးကန်
တည်နေရာ
အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးရေကန်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် တည်ရှိပါသည်။
သွားရောက်နိုင်မည့် နည်းလမ်းများ
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် အင်းလေးကန်သို့ ကား၊ မီးရထားနှင့် လေယာဉ်တို့ဖြင့် လွယ်ကူစွာသွားရောက်နိုင်ပါသည်။ ဟဲဟိုးလေဆိပ်သည် အင်းလေးဒေသနှင့် အနီးဆုံး လေဆိပ်ဖြစ်ပြီး အခြားမြို့များမှ အင်းလေးသို့ ဟဲဟိုးလေဆိပ်မှတစ်ဆင့် အဆင်ပြေစွာ လာရောက်နိုင်ပါသည်။ အင်းလေးသို့ မော်တော်ကားဖြင့်လာရောက်မည်ဆိုပါက ရန်ကုန်မှ (ကြာချိန် ၁၂ နာရီ)၊ မန္တလေး (ကြာချိန် ၉ နာရီ)၊ ပုဂံမှ (ကြာချိန် ၉ နာရီ) ခန့် ကြာမြင့် နိုင်ပါသည်။ ရန်ကုန်မှ အင်းလေးသို့ ရထားသည် နေ့စဉ် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့မှ စတင် ထွက်ခွာပါသည်။
အင်းလေးကန်သည် သာယာလှပသောတောင်တန်းများဖြင့် ဝန်းရံထားပြီး အင်းလေးကန် နှင့် အနီးပတ်ဝန်းကျင်တွင်မှီတင်းနေထိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြသော တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ရာနေရာ ဖြစ်ပါသည်။ တစ်နေရာမှ တစ်နေရာသို့ လှေဖြင့်သွားလာ ခြင်းများ၊ ရေပေါ်စိုက်ခင်းများ၊ ရေပေါ်ရွာများနှင့် ရေကြောင်းလမ်းများသည် အင်းလေးကန်၏ ထူးခြားသော အင်္ဂါရပ်ဖြစ်ပါသည်။ အင်းလေးကန်နှင့် ပတ်ဝန်းကျင်တွင် ငှက်မျိုးစိတ်ပေါင်း ၂၆၇ မျိုး ကျော်၊ ရေတိမ်ငှက် ၈၂ မျိုး၊ ရေချိုငါး၊ ဖျံနှင့် လိပ်မျိုးစိတ် ၄၃ မျိုးတို့ကို လေ့လာတွေ့ရှိနိုင်ပါ သည်။
အင်းတော်ကြီး
တည်နေရာ
အင်းတော်ကြီးဇီဝအဝန်းနယ်မြေသည် မြန်မာနိုင်ငံ၏အကြီးဆုံးဖြစ်သော အင်းတော်ကြီးအိုင် တွင်တည်ရှိပါသည်။
သွားရောက်နိုင်မည့်နည်းလမ်းများ
အင်းတော်ကြီးအိုင်သို့ မီးရထားဖြင့်လည်းကောင်း၊ မော်တော်ယာဉ်ဖြင့်လည်းကောင်း၊ လေကြောင်းလိုင်းများဖြင့်လည်းကောင်း သွားရောက်နိုင်ပါသည်။ အင်းတော်ကြီးသို့ရောက်ရန် အလွယ်ကူဆုံးနည်းလမ်းမှာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့သို့ လေကြောင်းလိုင်းဖြင့်သွားရောက်ပြီး ထိုမှတဆင့် တက္ကစီစီးကာသွားရောက်နိုင်ပါသည်။ မြန်မာနိုင်ငံနေရာ၏ နေရာအနှံ့အပြားမှလည်း ဘတ်(စ်)ကားဖြင့်သွားရောက်နိုင်ပါသည်။
အင်းတော်ကြီးဇီဝအဝန်းနယ်မြေသည် ကမ္ဘာပေါ်၌ မျိုးသုဉ်းလုနီးပါးဖြစ်သော ငှက်မျိုးစိတ် (၁၀)မျိုး၏ ကျက်စားရာနေရာဖြစ်ပြီး နိုဝင်ဘာမှဖေဖော်ဝါရီလအတွင်း လာရောက်ခိုလှုံသော ဆောင်းခိုငှက်တို့၏ နားခိုရာနေရာလည်းဖြစ်ပါသည်။ စစ်တမ်းကောက်ယူမှုအရ ထိုအင်းကြီးထဲ၌ ငှက်မျိုးစိတ်ပေါင်း (၄၄၈)မျိုး၊ တွားသွားသတ္တဝါ (၄၁)မျိုး၊ ကုန်းနေရေနေသတ္တဝါ (၃၄)မျိုး၊ ငါးမျိုးစိတ် (၆၄) မျိုးနှင့် လိပ်ပြာမျိုးစိတ်ပေါင်း (၅၀) ရှိပါသည်။ ထုတ်ပြန်ချက်များအရ တောအုပ်ထဲတွင် လင်းတကျောဖြူနင့် လင်းတနှုတ်သီးရှည်မျိုးစိတ်များ ရှိသည်ဟုဖော်ပြထားပါသည်။
ကမ္ဘာ့အမွေအနှစ်မှတ်တမ်းစာရင်း
စာသားများ၊ စာသားမဟုတ်သောအရာများ၊ ရုပ်သံများနှင့်အီလက်ထရောနစ်ဖိုင်များ စသည့် သမိုင်းဝင်မှတ်တမ်းမှတ်ရာများကို အလေးထားကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အမွေအနှစ် မှတ်တမ်းစာရင်းဝင်နေရာ (၄) နေရာရှိပါသည်။
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကျောက်စာ
တည်နေရာ မန္တလေးမြို့၊မန္တလေးတောင်ခြေ၌တည်ရှိပါသည်။ သွားရောက်နိုင်မည့်နည်းလမ်းများ မန္တလေးတောင်သည် မြို့တော်နှင့် ၁၀ ကီလိုမီတာကွာဝေးပါသည်။ မန္တလေးမြစ်ကြီးနား လမ်းမှတဆင့် သွားရောက်နိုင်ပါသည်။ ကုသိုလ်တော်ဘုရားရှိကျောက်စာများသည် (၂၀၁၃) ခုနှစ်၌ ကမ္ဘာ့အမွေအနှစ်မှတ်တမ်း စာရင်းဝင်ဖြစ်လာခဲ့ပါသည်။ မြတ်စွာဘုရားဟောကြားခဲ့သည့် ပိဋကတ် (၃) ပုံ ပါဠိတော်များကို ကမ္ဗည်းရေးထိုးထားသည့် ကျောက်စာချပ်ပေါင်း (၇၂၉) ကို ရေးထိုးထား သည့်နေရာဖြစ်ပြီး ဘာသာရေးဆိုင်ရာ အရေးပါသည့်နေရာတစ်ခု ဖြစ်သည့်အတွက်ပါ ထင်ရှား ကျော်ကြားသည့်နေရာတစ်ခုဖြစ်ပါသည်။ ထို့အပြင်၎င်းကျောက်စာများတွင် မင်းတုန်းမင်းဦးဆောင် ကြီးမှူးခဲ့သော ပဉ္စမသင်္ဂါယတနာတင်ပွဲတော်ကိုလည်းမှတ်တမ်းထားခဲ့ပါသည်။
ရွှေစာ
ရွှေစာသည် ဗမာဘုရင် အလောင်းဘုရားမှ ဗြိတိသျှဘုရင် ဂျော့ (၂) ထံ ၁၇၅၆ ခုနှစ်က ပေးပို့ခဲ့ပြီး ကမ္ဘာ့သမိုင်းတွင်သာမက တစ်ဆယ့်ရှစ်ရာစုအတွင်း မြန်မာ့သမိုင်းနှင့် ဥရောပသမိုင်းတွင်လည်း ထူးထူး ခြားခြား တန်ဖိုးရှိလှသည်။ အကြောင်းအရာမှာ အလောင်းဘုရားမှ အင်္ဂလိပ်သို့ ကုန်သွယ်မှု အဆိုပြုချက် ဖြစ်သည်။ ယင်းမှာ ၎င်းတို့အား စစ်ရေးအရ ပံ့ပိုးမှုအဖြစ် အခြေစိုက်စခန်းတစ်ခု ထားရှိနိုင်ခြင်းဖြင့် ပြိုင်ဘက် ပြင်သစ် အကျိုးစီးပွားထက် ဗျူဟာမြောက် အသာစီးရစေမည်ဖြစ်သည်။ စာသားကို ရွှေရွက် ပေါ်တွင် ရေးထွင်း ထားပြီး ပတ္တမြား ၂၄ လုံးဖြင့် တန်ဆာဆင်ထားသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသာ ကျန်ရှိ နေသော ရွှေစာဖြစ်သည်။
မြစေတီ လေးမျက်နှာကျောက်စာ
တည်နေရာ
မန္တလေးတိုင်းဒေသကြီး၊ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်တွေ့ရှိနိုင်ပါသည်။ သွားရောက်နိုင်မည့်နည်းလမ်းများ ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ညောင်ဦးလေဆိပ်မှ ၉.၈ကီလိုမီတာအကွာတွင် တည်ရှိ ပါသည်။ ပြတိုက်သို့ လျှပ်စစ်စက်ဘီး၊ စက်ဘီး၊ မော်တော်ယာဉ်များဖြင့် သွားနိုင်သကဲ့သို့ ခြေလျင်ခရီးဖြင့်လည်း သွားရောက်နိုင်ပါသည်။ (၂၀၁၅) ခုနှစ်မှစ၍ ကမ္ဘာ့အမွေအနှစ်မှတ်တမ်း စာရင်းဝင် ဖြစ်လာခဲ့ပါသည်။ ကျောက်စာအား အေဒီ (၁၁၁၃) ခုနှစ်တွင်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၌ ရှေးအကျဆုံးကျောက်စာဖြစ်ပါသည်။ ကျောက်စာအား ဗမာ၊ ပျူ၊ မွန်နှင့် ပါဠိဘာသာ(၄)မျိုးဖြင့် ရေးထိုးထားပြီး ရာဇကုမာရ်မင်းသားနှင့် ကျန်စစ်သားမင်းကြီးတို့၏ သမိုင်းကြောင်းကို ဖော်ပြထား သောကြောင့် ပုဂံသို့ရောက်လျှင် သွားရောက်လေ့လာသင့်ပါသည်။
ဘုရင့်နောင်မင်းတရား၏ ခေါင်းလောင်းစာ
တည်နေရာ ခေါင်းလောင်းကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၏အရှေ့မြောက်ဘက် ညောင်ဦးမြို့နယ် ရွှေစည်းခုံဘုရား၌ တည်ရှိပါသည်။ သွားရောက်နိုင်မည့်နည်းလမ်းများ ညောင်ဦးမြို့သည် ပုဂံမြို့၏ (၁၀) ကီလိုမီတာအကွာတွင်ရှိပြီး ကိုယ်ပိုင်ယာဉ်များ၊ ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးယာဉ်များဖြင့်သွားရောက်နိုင်ပါသည်။ ၂၀၁၇ခုနှစ်၌ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်မှတ်တမ်းအဖြစ်စာရင်းဝင်ခဲ့ပါသည်။ ခေါင်းလောင်းကြီးတွင် ဘုရင့်နောင်မင်းကြီး ပြုလုပ်ခဲ့သော ဆောင်ရွက်ချက်များနှင့် ကောင်းမှုကုသိုလ်များအား မွန်၊ မြန်မာ၊ ပါဠိသုံးဘာသာဖြင့် မှတ်တမ်းတင်ရေးထိုးထားပါသည်။ ၁၅၅၇ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး ထိုခေါင်းလောင်းကြီးသည် အမြင့် ၃ပေ ၈လက်မရှိပြီး အထူမှာ ၆ လက်မ ရှိပါသည်။ ရွှေစည်းခုံဘုရားသို့သွားရောက်ပါက ခေါင်းလောင်းကြီးကို သတိပြုလေ့လာနိုင်မည်ဖြစ်ပါသည်။